အပူသည်ရေးသောစာ ( Henry Aung )

@kachinhenry · 2024-02-23 10:15 · HIVE-MYANMAR

မင်္ဂလာပါ။ ယခုတလော ဘာရယ်ကြောင့်မသိ နံနက် ၃ နာရီ တရေးနိုးပြီး ထပ်အိပ်၍ မရတော့သည်မှာ တလ ခန့်ရှိပြီ ဖြစ်ပါသည်။ တရေးနိုး Facebook ဖွင့်ကြည့်လျင် ပို၍ မျက်စိကြောင်သွားသောကြောင့် Facebook မကြည့် ဖြစ်သည်မှာ အတော်ကြာပြီ ဖြစ်ပါသည်။

အသက်ကလည်း ၄၀ ကျော်လာပြီဆိုတော့ ယခုမှ ဘဝ စရမည့် အချိန်။ ဘဝစပါမည်ဆိုကာမှ တိုင်းပြည်ကပျက်။ ဘာလုပ်၍ ဘာကိုင်ရမှန်းမသိ။ အလုပ်တခုလုပ်မည် စဉ်းစားလိုက်လျင် လမ်းကြောင်းက တဝက်တပျက်တွင် ပိတ်နေပြီ။

ယခုတလော ကြယ်ငါးကောက်သည့် အလုပ်ကလည်း လေယဉ်လက်မှတ် ဈေးများက ကြောက်စရာ။ ရန်ကုန် ဘန်ကောက် စင်္ကပူ လေကြောင်းလိုင်းများ လက်မှတ်ပင်ဝယ်မရတော့။ ဒီကြားထဲ ဧပြီ လ မတိုင်ခင် ထွက်လိုကြသူများကလည်း နားပူ နေသည်မှာ နေ့တိုင်းပင်။ မသိလျင် ဧပြီ လတွင် မြန်မာပြည်ကြီး ကံဆိုးမိုးမှောင် ကျတော့မည့်အတိုင်း။

ဒီတနှစ်တော့ သင်္ကြန်ရောက်လာမည်ကို ပင်ခပ်ကြောက်ကြောက်။ တကယ်ဆိုလျင် ကံဆိုးမိုးမှောင်ကျ သည်မှာ ကြာလှပေါ့။ တနေ့တနေ့ အပူများကလည်း မရိုးစေရ။ ညနေစောင်းလာလျင် ဓားထောက်လုသည့် သတင်း သူခိုးပူသည့် သတင်း နေ့ခင်းကြောင်တောင် ပြန်ပေးဆွဲ ငွေညှစ်သည့် သတင်းများကလည်း အပူတခု။

နေ့စဉ် အလျင်မှီစေရန် နေထိုင်စားသောက်နေရသည်ကလည်း အပူတခု။ နေကလည်းပူ လူကလည်းပူ ရပ်ကွက်လည်းပူ တိုင်းပြည်လည်းပူ။ တခါခါ နယ်တွင်ရှိနေသော ဆွေမျိုးများကလည်း ဖုန်းဆက်၍ အပူပေးကြသေးသည်။ မည်သို့ မည်ပုံဒုက္ခရောက်နေကြသည့် အကြောင်း။

သူရို့ကလည်း နီးရာဓားလည်း ကြောက်ရ ရှင်ကြီးလည်း ကြောက်ရ ကျားလည်း ကြောက်ရ။ အမှောင်ပြီးလျင် ရောင်နီလာရမည် ဖြစ်သော်လည်း ကိုယ်တွေတိုင်းပြည်ကတော့ အမှောင်ထဲတွင် ကွက်ပြီး ရပ်တန့်နေခဲ့ပြီထင်ပါသည်။

အကြည်တော်ပြောသကဲ့သို့ ယနေ့ဒုက္ခများသည် နှောင်တချိန် အတွက်ဟာသများဖြစ်သည်ဆိုလျင် ရယ်စရာမကောင်းသော ဟာသများသာ ဖြစ်လိမ့်မည်ဟုထင်ပါသည်။

ကျွန်တော့ အိမ်ဘေးတွင် သရက်ပင်တန်းများ ရှိသောကြောင့် လမ်းဘက်တွင် အတော်လေး အရိပ်ရပါသည်။ ထို့အပြင် လမ်းတဘက်ရှိ ခရေပင်ကြီးကြောင့် နေ့လည်နေခင်းဘက်တွင် လူကြီးများ ပက်လက်ကုလားထိုင်များယူလာကာ အနားယူကြပါသည်။ ကျွန်တော်တို့ လမ်းကလည်း လမ်းထိပ်တွင် လျပ်စစ်ရုံးကြီးရှိသောကြောင့် လမ်းအား လျပ်စစ်ရုံးမှ ဝါလုံးတန်းများဖြင့်ကာထားလိုက်သောကြောင့် ကားဝင်ထွက်၍ မရ။

တလမ်းလုံးရှင်း၍ အရိပ်ရနေသောကြောင့် ခလေးများ လာကစားကြသော ကစားကွင်းဖြစ်၍ နေပါတော့သည်။ တနေ့က ကလေးများ အိုးပုတ်များဖြင့် ဈေးရောင်းတမ်း ကစားနေကြသည်ကို သွားငေးဖြစ်ပါသည်။ အိုးပုတ်များဖြင့် ထမင်းဆိုင်ဖွင့်သူ ခေါက်ဆွဲဆိုင်ဖွင့်သူ အကြော်ကြော် ရောင်းနေသူ။

ရောင်းသူကရောင်း ဝယ်စားကြသူများက ဝယ်စား။ ပါးစပ်ကလည်း ပေါက်ကရ တွေပြောနေကြသည်။ ဆားငံသည်တို့ ဈေးကြီးသည်တို့။ သူရို့သုံးသော ပိုက်ဆံများကလည်း သရက်ရွက်က တသောင်းတန် ခရေရွက်က ငါးထောင်တန် ။ ခူးကြစမ်း တသောင်းတန်များ ငါးထောင်တန်များ ပျော်စရာပင် ကောင်းနေသေးတော့သည်။

ကလေးများဘဝ အပြစ်ကင်းစင်ကြသည်ဆိုတော့ လက်ရှိ အပူများအား နားလည်ကြပုံမပေါ်။ ပိုက်ဆံများ သစ်ပင်ပေါ်က ခူးရသည်ဆိုတော့ ကျွန်တော်လည်း ဘယ်သစ်ပင်က ပိုက်ဆံလိုက်ခူးလျင် ကောင်းမလဲ စဉ်းစားမိပါသည်။

အခုထိတော့ ခူးစရာပိုက်ဆံပင် မတွေးသေး၍ ပိုက်ဆံများက ကျွန်တော့အား တစစ ခူးယူနေကြပါပြီ။ ခေါင်းပေါ်ရှိ ဆံပင်များကလည်း အဖြူရောင်သန်းလာပြီ ဖြစ်သလို လူကလည်း အလျင်လို လန်းဆန်းတက်ကြွမနေတော့ပါ။ တခုခုအား ပူပင်နေရသည့် အပူသည်ဆိုတော့ အပူဟပ်၍ အသားအရည်များကအစ ခြောက်ကပ်ကပ်။

မည်သို့ပင်ဆိုစေ ကျွန်တော် ပိုက်ဆံခူးယူနေသည့် Hive အပင်လေး အသက်ရှင်နေသေးသည်က တော်သေးသည်ဟု ဆိုရမလိုပင်ဖြစ်ပါသည်။ မိတ်ဆွေများကလည်း ပိုက်ဆံခူးယူရသည့် အပင်များတွေ့လျင် လမ်းညွှန်ပေးစေချင်ပါသည်။

Henry Aung ( Kachin )

23/02/2024 - Friday - 16;45 PM

#hive-122133 #myanmar #life #knowledge #sharing
Payout: 0.000 HBD
Votes: 45
More interactions (upvote, reblog, reply) coming soon.