မင်္ဂလာပါ။ ယနေ့ကတော့ စစ်ပွဲ အကြောင်း များ ခေတ္တ ရပ်ကာ အခြား အကြောင်း များ ဖေါ်ပြပေးပါမည်။ အခြားမဟုတ်ပါ။ ကျွန်တော်တို့လည်း နေ့ည ဖြတ်ကျော်ရင်း ဖြင့် Blockchain Social Media ပေါ်တွင် တဝဲလည်လည် ဖြစ်နေသည်မှာ အတော်ကြာပြီ ဖြစ်ပါသည်။
ဤ အပေါ်တွင် မျော်လင့်ချက် ထားကာ ကြိုးစားလာသည်မှာ ယခု အချိန်ထိတော့ ကြိုးစားဆဲဟူ၍သာ ဆိုရပါမည်။ သာမန် Social Media တွင် ကျင်လည်ကြသူများကတော့ Follower ဟူသော အားကိုးဖြင့် စီးပွားရေး တခု ဝင်ငွေတခု အနေဖြင့် အလုပ်အကိုင်တခုလို လုပ်နိုင်ကြပါသည်။
သို့သော် ကျွန်တော်သိရသလောက်တော့ Influenceurs တယောက်ဖြစ် လာပြီဆိုသည်နှင့် မိမိ၏ Follower ကျမသွားစေရန် အထူးဂရုစိုက်ကြရပါသည်။ ပြောမှား ဆိုမှား ဖြစ်လျင် Online ပေါ်မှ အုံနှင့် ကျင်းနှင့် တိုက်ခိုက်ကြသည့် ဒဏ်အား အလူးအလဲ ခံရမည် ဖြစ်ပါသည်။
အချို့ကလည်း ဤသို့ Social Media ပေါ်တွင် Influencer ဖြစ်စေရန် မထော်မနန့်များ လုပ်ပြကြ / မပေါ်တပေါ်ဖေါ်ပြကြ / အချို့ကလည်း ဤသို့ ဖေါ်ကြပြကြရင်း ပျက်စီးခြင်း ငါးပါး ဆိုက်သွားသူများကလည်း မနည်းမနောပင်။
အချို့ကလည်း မိမိ Follower ရလာသည်နှင့် ပထမဆုံး လုပ်သည်က On line ဈေးရောင်းသည့်အလုပ်။ အချို့ကလည်း တော်ကြပါသည်။ ဆဲဆိုသံများ မကြားရ ရယ်ကာမောကာ ဖြင့် ဈေးရောင်း နိုင်ကြသလို အချို့ကလည်း စနေနှစ်ခိုင် ပြကာ ဈေးရောင်းကြ အဆဲအဆို လေးက ပါမှ သဘောကျသူများကလည်း ရှိသေး။
မည်သို့ပင် ဆိုစေ ဤ ဈေးရောင်းသည့် ဘက်တွင် ပါရမီ ပါသူကတော့ အောင်မြင်ကြသည်ပင်။ ပို၍ ဆိုးသည်က ယခုနောက်ပိုင်တွင် Social Media က ရပ်တန့်၍ မရတော့ပါ။ ဤ ရေစီးကြောင်း ထဲတွင် အားလုံ ပါဝင် စီးမျှောကြရပါတော့သည်။
ဤ ရေစီးကြောင်း တွင် ကောင်းသည်လည်း တွေ့မည် ဆိုးဝါးသည့် အရာ မျာလည်း တွေနိုင်သလို မိမိ ဘဝပျက်သွားနိုင်လောက်သည့် အကြောင်းအရာ များလည်း တွေ့ရမည် ဖြစ်ပါသည်။ ယခုတလော ခေတ်စားလာသည်က Online လောင်းကစား။
Kpay / Ok Pay တို့ဖြင့် ချိတ်ဆက်ထားသော ကြောင့် ငွေ အဝင်အထွက် လွယ်ကူသည်။ ဆိုလိုသည်မှာ ဤ လောင်းကစားသည် ငွေသား ကိုင်စရာမလိုသော လောင်းကစား။ မိမိပျက်စီးနေသည်လား မည်သူမျှ မသိနိုင်။
ကျွန်တော့ အိမ်ဘေးရှိ ညီလေး တယောက်ကတော့ အစတွင် ဂျပန်သွားရန် ဂျပန်စကားသင်နေသူ ဖြစ်ပါသည်။ သို့သော် ယခုသူ ဂျပန်စကား မသင်တော့ပါ။ ၂ လုံးထီအား Online ဖြင့် ကော်မရှင်စား ရောင်းနေပါသည်။ ၂ လုံးထီ ထိုးချင်သူများက ယခင်ကကဲ့သို့ ဘောက်ချာ တကိုင်ကိုင် လုပ်နေစရာမလိုပါ။
၂ လုံး ထီထိုးချင်သူက မိမိထိုးလိုသော ဂဏန်းအား Viber ဖြင့် ရိုက်ကာ ပို့လိုက်။ ပိုက်ဆံအား Kpay ဖြင့်လွဲ ။ မိမိ Viber အား Screen shot ရိုက်ထားရုံသာ။ ပေါက်လျင်လည်း လူကိုယ်တိုင် လာထုတ်စရာမလို ပေါက်ငွေအား Kpay ဖြင့် လွှဲယူရုံသာ။ ယခင်ကလို မိမိ ၂ လုံးထီ ပေါက်လျင် လဖက်ရည် တိုက်ပါအုံး ဘီယာ တိုက်ပါအုံး လုပ်မည့်သူမရှိ။
ထိုညီလေးကတော့ ကျွန်တော့အား လာ၍ ဆွယ်တရားဟောပါသည်။ Online ဖြင့် ၂ လုံးထီ ဒိုင်ကိုင်ရန် ။ ဤ online က နယ်ပယ်မရှိ။ Internet ရနေသမျှ တကမ္ဘာ လုံးရှိ မြန်မာ များ ဝင်ရောက် ၂ လုံးထီ ထိုးနိုင်သည်ဟူလို။ Online ဖြစ်၍ ရဲလိုင်းကြေး ဘော်ဒါကြေးများလည်း ပေးရန် မလိုဟု ဆိုပါသည်။ ကောင်လေးကတော့ မွဲဆေး လာဖေါ်နေပါပြီ။
အမှန်ဆိုရလျင် သူဒိုင်ကိုင်ချင်၍ မဟုတ်ပါ။ သေဆုံးသွားသူ တယောက်၏ Kpay အကောင့် တခုသုံးကာ ကြီးကြီးမားမား ငွေကြေးလိမ် လိုခြင်း ဖြစ်ပါသည်။ ကျွန်တော်က ကွန်ပြူတာ ကောင်းကောင်း သုံးတတ်မှန်း သိ၍ ကျွန်တော့အား လာဆွယ်ခြင်း ဖြစ်ပါသည်။
အသက်၂၀ ကျော်အရွယ် လူငယ်တယောက်၏ ခေါင်းထဲတွင် မည်သို့ မည်ပုံ ကြိုးစား၍ ဘဝတက်လမ်း ရှာမည်ဟူသော အတွေးထက် မည်သို့ ကြီးကြီးမားမား လိမ်ရမည်ကိုတွေးနေသည်ဆိုတော့..... မြန်မာပြည်ကြီးကံကောင်းပါစေ။
Henry Aung ( Kachin )
13/03/2023 - Monday - 18;08 Pm