လျပ်စစ်မီးနှင့် သူရဲကောင်းများ ( Henry Aung )

@kachinhenry · 2023-03-18 14:13 · HIVE-MYANMAR

မင်္ဂလာပါ။ ယနေ့နံနက်တော့ ကျွန်တော့ မိဘအိမ်သို့ ရောက်ဖြစ်ပါသည်။ မြောက်ဥက္ကလာ အဝေးပြေးကားကွင်းမှ ဆွေမျိုးများပို့လိုပ်သည့် စားစရာများ သွားယူရင်း အပြန်တွင် ဝင်ဖြစ်ခြင်း ဖြစ်ပါသည်။ ကျွန်တော့ မိဘအိမ်ရောက်တော့ လျပ်စစ်မီးနှင့် ပြသနာ တက်နေသည်ကို တွေ့ရပါသည်။

မီးက ၁၀ မိနစ်လာလိုက် ၅ မိနစ်ခန့်ပျက်သွားလိုက် နောက်ထပ် ၁၅ မိနစ်ခန့်လာလိုက် ၁၀ မိနစ်ခန့် ပျက်သွားလိုက်နှင့် ထမင်းပေါင်းအိုးရှိ ထမင်းမှာ ကျက်လည်း မကျက် နပ်လည်း မနပ် ဖြင့်။ နောက်ဆုံးတော့ Gas မီးဖို သုံးကာ ရေနွေးငွေ့ဖြင့် ပြန် ပေါင်းရပါတော့သည်။

သို့တိုင်အောင် ထမင်းက အချို့က ကျက်သွား၍ အချို့က မကျက် ခပ်ကြာကြာ ပေါင်းထားသော် ကျက်သည့် ထမင်းက ပြဲသွားပါတော့သည်။ နောက်ဆုံး တော့ ဆန်အသစ် ပြန်ဆေးကာ ရေနွေးပေါင်းအိုးဖြင့် အစက ပြန်တည်ရပါတော့သည်။

လျပ်စစ်မီးကတော့ နွေရောက်လာပြီ ဆိုတော့ပြညာပြပါလေပြီ။ တော်ပါသေးသည် အိမ်တွင် အလုပ်သွားစရာ ရုံးသွား ကျောင်းသွားစရာလူမရှိသောကြောင့်။ မဟုတ်လျင် အတော်လေး ကသီလင်တ နိုင်မည် ဖြစ်ပါသည်။ ကျွန်တော့ အမေကတော့ ပြောရှာပါသည်။ မီးပျက်တော့ မီတာခ သက်သာတာပေါ့ ဟူလို။

ယနေ့လည်း တနေ့လုံး မီးကလာလိုက်ပျက်လိုက်။ ယခင်ကဆိုလျင် အချိန်ဇယား နှင့် အချိန်မှန်ပါသေးသည်။ နံနက် ၅ နာရီပျက် ၉ နာရီတွင် မီးလာ ညနေ ၁ နာရီတွင် မီးပျက် ညနေ ၅ နာရီတွင် မီးပြန်လာ စသည်ဖြင့် အချိန် ဇယားနှင့် ဆိုတော့ ကိုယ်လုပ်စရာရှိသည်များ မီးလာသည့် အချိန်နှင့် ချိန်ဆ၍လုပ်ဆောင်ရပါသည်။

ယခု မီးက အချိန်ဇယားမှ ဖေါက်လာပြီဆိုတော့ အမြဲတမ်း သတိ ထားရပါတော့သည်။ ထမင်းအိုးတည်ရမည်လား ၁၅ မိနစ်လောက်စောင့်ကြည့် / အဝတ်လျှော်မည်လား မီးမှန်သည့် ညဘက် ၁၀ နာရီကျော်မှ အဝတ်လျှော် ။ တခါတလေတော့လည်း စဉ်းစားမိပါသည်။

ဤသို့သော အခြေအနေဖြင့် တိုင်းပြည်တိုးတက်အောင် အည်သို့ လုပ်ဆောင်ကြပါမည့် အကြောင်း ။ တွေးကြည့်၍ပင်မရပါ။ မည်သို့ မည်ပုံဖြင့် လျပ်စစ်ကား မောင်းကြမည်မသိ။ လျပ်စစ်ကား မောင်း၍ အားကုန်သွားလျင် မီးစက် မောင်း၍ အားသွင်းမည် ထို မီးစက်အား ဓာတ်ဆီ ဖြင့် မောင်းသည့် ကားဖြင့် သယ်မည် ဟုများ စဉ်းစားကြလေသည်မသိ။

သို့ပေသိ ကြင်စိုးကတော့ လျပ်စစ် နှင့်ပတ်သက်လျင် နည်းနည်းမှ လျှော့မည့် ပုံ မပေါ်ပါ။ လျပ်စစ်ရထား / လျပ်စစ်ကား။ သူ့အား မဖြစ်နိုင်ကြောင်း ချက်နှင့်လက်နှင့် ပြောပြမည့် ပညာရှင်များလည်း ရှိဟန် မတူပါ။ အားလုံးကောင်းပါသည် သာသာယာယာ ရှိပါပေသည်ဟူသော ဝန်မင်းများနှင့်သာ တွေ့နေပုံရပါသည်။

အင်္ဂလိပ် မြန်မာ တတိယစစ်ပွဲတွင် အင်္ဂလိပ်တို့က အမြောက်များ ပစ်ဖေါက်၍ စစ်သင်္ဘောဖြင့် မန္တလေး သို့ဆန်တက်လာနေပြီ။ နန်းတွင်၌ကာ အရှင့်ဘုန်းတော်ကြောင့် စစ်ပွဲများ အောင်နိုင်လျက်ရှိပါသည်ဟူ၍ လျှောက်တင်၍ ကောင်းတုန်းဟူ၍ သမိုင်းစာမျက်နှာများတွင် ဖတ်မိပါသည်။

နတ်ဝတ်ပုဆိုး တိမ်မီးခိုအား ဘုရင် သဘောကျသည်ဆိုတော့ အောက်ခြေ ဝန်မင်းတို့ကလည်း မသင့်လျော်ပါဘူး အမြင်မတော်ပါဘူး လျှောက်မည့်သူမရှိ။ ဘုန်းတော်ကြောင့် တင့်တယ်လှပါပေသည်ဟူ၍ မြောက်ပေးကြသည့် ဝန်မင်းများသာ ဝိုင်းနေကြချိန်ဆိုတော့။

တခါက ဖွဘုတ်တွင် ဆောင်းပါး တပုဒ် ဖတ်မိလိုက်ပါသည်။ ရေးသူ အမည်ကတော့ မမှတ်မိတော့ပါ။ သီပေါမင်း အား အင်္ဂလိပ်တို့က ကြက်ခလေး ငှက်ခလေးလို ဖမ်းသွားသည်အား မြန်မာတို့က သည်အတိုင်းကြည့်နေရသလော။ ရတနာ ဂီရိသို့ မပို့မှီ သင်္ဘော အားအပိုင်စီး၍ ကိုယ့်ဘုရင်အား အဘယ့်ကြောင့် ပြန်လည် မကယ်တင်ရပါသလောဟူ၍ ရေးထားပါသည်။

စာရေးသူ ဆိုလိုသည်က မြန်မာတို့ သူရဲကောင်း အစွမ်းထက်သည် အသက်ချင်း လဲဝံ့သူများ ရှိပါလျက်နှင့် အဘယ့်ကြောင့် မိမိတို့ ဘုရင်အား သူရဲကောင်းသို့ မကယ်တင်ကြပါသနည်း ဟူသော အကြောင်း ဖြစ်ပါသည်။ ကျွန်တော်သဘောကျသည်က ကော်မန့်လေး တကြောင်း ဖြစ်ပါသည်။

ရေးထားသည်က " အကယ်၍ ကြင်စိုးအား အမေရိကန်တို့က ကြက်ခလေး ငှက်ခလေး ဖမ်းသလို ဖမ်း၍ သင်္ဘောဖြင့် ခေါ်သွားလျင် လက်ရှိ မြန်မာပြည်တွင် ရှိနေကြသော သူရဲကောင်းသို့ ဝင်ကယ်ကြပါမည်လော" ။ မိတ်ဆွေတို့သာ တွေးကြည့်၍ အဖြေပေးကြပါကုန်။ ဤ Post တင်နေချိန်တွင် မီးပျက်နေပါသည်။ Wifi ကတော့ Power Bank နှင့်တွဲထား၍ Internet ရနေခြင်း ဖြစ်ပါသည်။

Henry Aung ( Kachin )

18/03/2023 - Saturday - 20;43 PM

#hive-122133 #myanmar #life #knowledge #sharing
Payout: 0.000 HBD
Votes: 38
More interactions (upvote, reblog, reply) coming soon.