တန်ရာတန်ရာ ( Henry Aung )

@kachinhenry · 2023-03-14 12:11 · HIVE-MYANMAR

မင်္ဂလာပါ။ ယမန်နေ့က Online အကြောင်း ရေးဖြစ်သည်ဆိုတော့ ယနေ့လည်း ကျွန်တော် ကြုံတွေ့ခဲ့ရသည့် On line အကြောင်း များ ဆက်၍ ရေးပြလိုပါသည်။ ကျွန်တော်ကြုံတွေ့ခဲ့ရသည်ဟု ဆိုသော်လည်း အမှန်ဆိုရလျင် Facebook တွင် ကြုံဆုံ ခဲ့ရသော အဖြစ်အပျက် ဖြစ်ပါသည်။

၂၀၁၀ ခုနှစ်လောက်တွင် ဖြစ်မည် ထင်ပါသည်။ Facebook ပေါ်တွင် ပရဟိတများ အတော်လေး ခေတ်စားသော အချိန်တွင် သန့်ဇင်ထူး အကောင့်ဟု ထင်ပါသည် ကျွန်တော်အမှတ်မှားလျင်လည်း ဖြစ်နိုင်ပါသည် သေချာမမှတ်မိတော့ပါ။ ပရဟိတ အလုပ်များဖြင့် နာမည်ကြီးလာသော အကောင့် တခုဖြစ်ပါသည်။

ထိုအချိန်က နာမည်ကြီးနေသော ပရဟိတ မင်းသားကြီး ဝေဋ္ဌုကျော်နှင့် အပြိုင်ဖြစ်ပါသည်။ နေရာဒေသ အတော်များများတွင် ပရဟိတ များလုပ်ကာ Facebook ပေါ်တွင် အလှူခံ ပါသည်။ အစပိုင်တွင်တော့ ကိုယ်ပိုင် ငွေဖြင့် ပရဟိတလုပ်သည်ဟု ထင်ပါသည်။

ရေရှားသော ဒေသတွင် ရေတွင်းတူးပေးခြင်း မိဘမဲ့ ဂေဟာများတွင် လှူဒါန်း ခြင်း စသည်ဖြင့် မိမိလုပ်သော ပရဟိတ အလုပ်များအားလည်း Facebook တွင် Post တင်ရင်း အတော်လေး နာမည်ကြီးလာပါသည်။ သူနှင့် ပရဟိတ အတူလုပ်သော သူများတွင် ဘုန်းကြီး များလည်း ပါဝင်ပတ်သက်လာသော အခါ လှူဒါန်း မှုများလည်း အတော်များများ ရှိလာပါသည်။

လိုအပ်သော နေရာများတွင် သူပိုင် မြေကွက်များ ရောင်းချရင်း မည်သည့် နေရာတွင်တော့ မည်သို့မည်ပုံ လှူဒါန်း သည်စသည်ဖြင့်။ နောက်ပိုင်းတွင် သူ၏ ပရဟိတ လုပ်ငန်းများတွင် အလှူငွေပေးသူ အတော်များများလည်း ရှိလာပါသည်။ အစပိုင်းတွင် သူ၏ ပရဟိတလုပ်ငန်းများအား စစ်လားဆေးလား လုပ်သူတို့၏ ငွေလှူဒါန်းမှုများအား မယုံလျင် မလှူကြနှင့်ဟူ၍ လှူဒါန်းငွေများ ပြန်အန်း ပေးသည်အထိ ရှိခဲ့ပါသည်။

သို့သော်ကြာလာသည့် အခါ စာရင်းစစ်ခြင်း နှင့် နယ်ဝေးတနေရာတွင် သူ၏ ကိုယ်ပိုင်မြေယာ ဝယ်ယူ မှုအပေါ် ပြသနာ တက်ကြသည်ဟု ထင်ပါသည်။ နောက်ပိုင်း ထိုအကောင့် ဖြင့် ပရဟိတလုပ်သည့် သတင်းများ မကြားရတော့ပါ။ သို့မဟုတ် ကျွန်တော်ပဲ အဆက်ပြတ်သွားသည်လား မသိတော့ပါ။

ကျွန်တော်လည်း အစပိုင်းတွင် ဤ လူငယ် တော်ပါပေသည် အခြားသူငှာများ မလုပ်နိုင်သည့် ပရဟိတလုပ်ငန်း များအား လုပ်နိုင်သည်ဟူ၍ ချီးကျူး မိခဲ့ပါသည်။ နောက်တော့လည်း ငွေကြေးနှင့် ပတ်သက်၍ အသံများ ထွက်လာသည့် အခါမှ အံ့ဩယူရပါသည်။

ကျွန်တော်တို့ နိုင်ငံတွင် ငွေကြေးနှင့်ပတ်သက်သော အလုပ်လုပ်တိုင်း ပြသနာ တက်ကြသည်ချည်း ဖြစ်ပါသည်။ အထူးသဖြင့် Online တွင်လုပ်ကြသော အလုပ်များ ဖြစ်ပါသည်။ Online ငွေစုငွေကြေး ဘယ်လောက်ထည့်ထားလျင် အတိုးမည်မျှရမည် ဟူသော အလုပ်များ နောက်ဆုံးတွင် ပြသနာများဖြင့် အဆုံးသတ်သွားသည်ချည်းသာ။

ထို့နောက် Online မှ ရင်းနှီးမြှုပ်နှံ မှု ခေါ်ခြင်းများ အစပိုင်းတွင်တော့ အတိုးမှန်မှန်ရသည် နောက်ပိုင်း တော့ လုံးဝပျောက်ကွယ်သွားကြပါသည်။ ဤသည်က ယခင်ကလည်း ရှိသလို ယခုလည်း ရှိဆဲပင်ဖြစ်ပါသည်။ Online မှ ငွေကြေးလိမ်ခံရသည် ဟုကြားတိုင်း လိမ်သူအား အပြစ်မတင်မိတော့ပါ အလိမ်ခံသူ၏ လေ့လာမှု အားနည်းချက်များအား သာ အပြစ်တင်လိုပါတော့သည်။

ကျွန်တော့ အနေဖြင့် Online Group အတော်များများသို့ ဝင်ရောက်ထားသည်ဖြစ်ရာ Group တိုင်းနီးပါးလောက် Online အလိမ်အညာ ပြသနာများ ရှိနေကြပါသည်။ online တွင်ပစ္စည်းရောင်း ငွေကြိုလွဲလိုက်သည် ပစ္စည်း ရောက်မလာသည့် အပြင် အကောင့်ပါပျောက်သွားသည်။ နိုင်ငံခြား အလုပ်အကိုင် ရှာပေမည် / ပစ္စည်း အရောင်းအဝယ် စသည်ဖြင့် လိမ်သူတို့က လိမ်နေကြဆဲ အလိမ်ခံသူတို့ကလည်း အလိမ်ခံနေကြဆဲ။

နောက်တခုက လူမှူရေး ပြသနာများ ။ ယခု နောက်ပိုင်း လူငယ်များကြားတွင် တွေ့မြင် နေရသည်က Online ချစ်သူ။ တယောက်နှင့် တယောက် Online တွင်တွေ့၍ ချစ်ကြိုက်သွားကြသည်။ ဤ အထိပြသနာမရှိသေးပါ ။

ကောင်လေးနှင့် ကောင်မလေး Online မှ ချစ်သူဖြစ်ကြသည်။ ကောင်လေးက အဝေးတွင် အလုပ်လုပ်နေသူ။ အလုပ်လုပ်ရင်း ကောင်မလေးအား ငွေပို့ပေးကာ ငွေစုထားခိုင်းပါသည်။ ၃ နှစ်ပြည့်လျင် လက်ထပ်ကြမည်။ ၃ နှစ်ပင် မပြည့်ပါ။ ကောင်လေးက အကြောင်းတခုကြောင့် တိတ်တိတ်လေး မြန်မာပြည်ပြန်လာကာ ကောင်မလေး အလုပ်လုပ်နေသည့် နေရာအား စုံစမ်းတော့ ထိုကောင်မလေးမှာ လူလွတ်မဟုတ် အိမ်ထောင်ရှိသူ။

ပြသနာ ဖြစ်ကြတော့ စုထားသည့် ငွေက မရှိတော့။ လူမှုရေး ပြသနာများ ဖြစ်ကြ အရှက်တကွဲ ဖြစ်ကြရဖြင့်။ ကျွန်တော်တွေးကြည့်မိပါသည် လိမ်သည့်သူကလည်း အခွင့်အရေးရသည်နှင့် လိမ်နေအုံးမည်သာ ဖြစ်သလို အလိမ်ခံရမည့်သူကလည်း မိမိအားနည်းချက်ကြောင့် အလိမ်ခံထိအုံးမည်သာဖြစ်ပါသည်။ ကြာလာတော့လည်း လူသား သိက္ခာများ ပျောက်ဆုံးလာကြပါလိမ့်မည်။

Henry Aung ( Kachin )

14/03/2023 - Tuesday - 18;41 Pm

#hive-122133 #myanmar #life #knowledge #sharing
Payout: 0.000 HBD
Votes: 61
More interactions (upvote, reblog, reply) coming soon.