ရောက်တက်ရာရာ ( Henry Aung )

@kachinhenry · 2024-02-18 03:48 · HIVE-MYANMAR

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် လွန်ခဲ့သော ၂ နှစ်သာကာလအားပြန်၍ ခြုံငုံကြည့်မိသောအခါ အတော်လေး စိတ်ပျက်စရာကောင်းသည်ကို သတိထားမိခဲ့ပါသည်။ ယခုကာလသည် ကျွန်တော်တယောက်တည်းမဟုတ် မြန်မာတပြည်လုံးရှိ အခြားသူငှာများလည်း ကျွန်တော်ကဲ့သို့ပင် ခံစားမိမည်ဟု ထင်ပါသည်။

ဤသည်ကကျွန်တော့အတွေး။ ဤ ၂ နှစ်ကျော်ကာလတွင် အသက်ရှင်နေသေးသည်က တော်သေးသည်ဟု ဆိုရမလိုပင်။ မြန်မာပြည်ကြီး ခက်ခဲနေသည်ဟု ဆိုသော်လည်း ဈေးဝယ်စင်တာများကတော့ လူများကြိတ်ကြိတ်တိုးနေဆဲ။ ဘီယာဆိုင်များ ကလပ်မျာတွင်လည်း လူစည်ကားနေဆဲပင်။

ကျွန်တော့ အိမ်မှ သိပ်မဝေးလှသော ဘီယာဆိုင်တွင်တော့ စင်တင်တေးဂီတ ပါ ပါဝင်သည်ဖြစ်ရာ တခါတလေ အဆိုတော်များ လာရောက်ဖျော်ဖြေသည့် ညများဆိုလျင် ကားကျပ်သည်အထိပင် လာရောက်အားပေးကြသည်ကို တွေ့ရပါသည်။

ဒုက္ခရောက်သူတို့ ရောက်နေကြ အနစ်နာခံသူတို့ ကြိုးစားနေကြသော်လည်း ပျော်နေသူတို့က ပျော်နေကြဆဲ။ ဘားမှ မဖြစ်လျင် ဘားမဖြစ်ပါ။ ဖြစ်လာသော် ဖြစ်သူတို့သာ ခံစားနေကြရသည်ကို တွေ့မြင်နေရပါသည်။

ယခုတလော သတင်းများက သိပ်ကြား၍ မကောင်းပါ။ အဆက်သွယ် မရတော့သည့်သူများ ရှိလာကြသလို အချို့ကလည်း ၅ သိန်း ပေး၍ ပြန်လာကြသလို အချို့ကလည်း ၃ သိန်းနှင့် လွှတ်လာသည်လည်း ကြားမိပါသည်။ ကောလာဟလ ပေလော တကယ်ဖြစ်နေသည်လော မိမိလည်း မသိနိုင်။

သေချာသည်ကတော့ ည ၇ နာရီကျော်သည်နှင့် လူသွားလူလာ အတော်လေး ရှင်းသွားပါသည်။ အထက်တွင် ရေးပြထားသည့် ဘီယာဆိုင်များမှ လွဲ၍။ ကျွန်တော့ အစ်မကြီးက တက္ကသိုလ်တွင် မိတ္ထူဆိုင်ဖွင့်ထားသည်ဖြစ်ရာ ယခု တရက် နှစ်ရက် အတွင် ကျောင်းလာအပ်ကြသူ အတော်များသည်ဟု ပြောပါသည်။

ယခင်က ကျောင်းဖွင့်လျင် ပျောက်တိပျောက်ကြား ကျောင်းတက်သူများ ရှိခဲ့သလောက်ယခုနှစ် အဝေးသင်ကတော့ ကျောင်းအပ်သူများ အုံးအုံးထနေသည်ဟု ဆိုပါသည်။ အိုကြီးအိုမ များမကျန် ကျောင်းပြန်လာအပ်ကြသည်ဟု ဆိုပါသည်။

ပညာရေးဌာနများ၏ သတင်းကြားရသည်မှာလည်း နားထောင်၍ပင်မကောင်း။ ကျောင်းတက်သည်ကလည်း ဈေးကွက်ကြီးတခုလို ဖြစ်နေသည်။ ကျောင်းအပ်ပေးသည့် ဝန်ထမ်းပွဲစားများကလည်း ကျောင်းသားကဒ် ထွက်လာသည်အထိ တာဝန်ယူပေးလျင် ဘယ်လောက်ကျသည် Assignment ရေးပေးလျင် တစ် ဘာသာ လျင်မည်၍ မည်မျှ။

ဆရာမများအတွက် ကျူရှင် ကျောင်းသားရှာပေးလျင် တယောက်လျင် ဘယ်လောက် ကော်မရှင်ရသည်။ CDM ဆရာမများနေရာတွင် ဝင်ရောက်လာသည့် နောက်ပေါက်သည့် ရွှေကြာပင် ဆရာမများက လက်စောင်းထက်နေသည့် အကြောင်းများ။ တက္ကသိုလ်တခုလုံး စီးပွားရေး ဈေးကွက်ကြီးပမာ။

ကျောင်သို့ ကျောင်သား အများအပြား ကျောင်းလာအပ်ကြသည်ဆိုတော့ မြန်မာတို့ ပညာရေးအား စိတ်ဝင်စားလာကြသသည်တော့ မဟုတ်တန်ရာ။ ယခု အချိန် တိုင်းပြည်ကြီး ပြန်ကျန်းမာလာသည့်တိုင် ထိုအကျင့်စရိုက်ဆိုးများအား မည်သို့ပြုပြင်ရမည်ကို တွေးကြည့်၍ ပင်မရပါ။

ကျွန်တော်နှင့် ခင်မင်ရင်းနှီးသူ အတော်များများကတော့ ပြည်ပ အပြီးအပိုင် ထွက်သွားကြပြီ။ အချို့ကလည်း ထွက်ခွာရန် ပြင်နေကြဆဲ။ မနက်ဖြန်ဘာဖြစ်မည် မသိနိုင်သည့် နိုင်ငံတွင် နေနေကြရသည်ဆိုတော့ အနာဂတ်များက မသေချာမရေရာ။

ခေတ်ပျက်သူဌေး လုပ်ရအောင်ကလည်း ကိုယ့်အနေဖြင့် ထိုမျှလောက် သတ္တိမရှိ ။ သတ္တိရှိလည်း အဆက်အသွယ်မရှိ။ ပြည်ပတွင်ရှိနေသော စင်္ကပူ နိုင်ငံသား သူငယ်ချင်းကတော့ ပြောပါသည်။ သည်အချိန်သည် သူဌေးဖြစ်ရန် အလွယ်ဆုံးအချိန်တဲ့။ ကျွန်တော့အား အကြံပေးပါသည်။

သူရို့က တရုတ်လူမျိုးဆိုတော့ ဘယ်သူ သေသေ ဂရုစိုက်ကြသူများမဟုတ်။ သူဌေးဖြစ်လျင်ပြီရော အားလုံးလုပ်ကြမည်သူများဖြစ်ကြပါသည်။ Covid ကာလတွင် စက်သုံးဆီ ဈေးမှာ ရေသန့် တဘူးစာဈေးနှုန်းသာ ရှိသော်လည်းယခုတော့ ကားလီဘာ နင်းရမည်ပင် ခပ်လန့်လန့် ဖြစ်နေပါတော့သည်။

ယခင်က ၃ သောင်း ဝန်းကျင်သာ ပေးရသော ဂျပန်ကျ တပတ်ရစ် စက်ဘီးများကလည်း ယခုတော့ ရှစ်သောင်း တသိန်း။ ကုန်ဈေးနှုန်း အကြောင်းတော့မပြောလိုတော့ပြီ။ ဆိုင်များကလည်း ဖွင့်သာဖွင့်ထားရသည်။ ယနေ့ရောင်းရငွေသည် မနက်ဖြန်အတွက် အရင်း မဟုတ်တော့ ယနေ့ရောင်းရငွေသည် မနက်ဖြန်အတွက် အရှုံးဖြစ်လို့နေပါတော့သည်။

ယနေ့ ရောင်းလိုက်သော ၁၀၀၀ တန်ပစ္စည်း မနက်ဖြန် ပြန်ဝယ်လျင် ၁၁၀၀ ဖြစ်သွားပြီ။ လိုက်၍ပင် မဆုံးနိုင်တော့။ တခါတရံလည်း စဉ်းစားမိပါသည်။ မိမိက ကြယ်ငါးကောက်နေသော်လည်း မိမိအား မည်သူကောက်ယူ မည်လည်း ဟူ၍။

ကုန်ဈေးနှုန်း ကြီးလာသည့်အထဲ ယခုတလောမှ ဗိုက်ပိုဆာလာသလို ဘာပဲစားစားပိုစားကောင်းနေသလိုပင်။ ငတ်လာတော့လည်း စားသမျှ စား၍ကောင်းနေသည်ဟုထင်ပါသည်။ ဘာပဲပြောပြော ကျွန်တော် ယနေ့အထိ အသက်ရှင်နေပါသေးသည်။ ထို့ကြောင့် ဤ Post အားရေးတင်နိုင်ခြင်း ဖြစ်ပါသည်။

Henry Aung ( Kachin )

18/02/2024 - 10;18 AM ( Sunday )

#hive-122133 #myanmar #life #knowledge #sharing
Payout: 0.000 HBD
Votes: 32
More interactions (upvote, reblog, reply) coming soon.