မင်္ဂလာပါ။ လွန်ခဲ့သော ၂၀၁၈ ကျွန်တော် မဟေသီနှင့်တွေ့ရန် ရန်ကုန်ရောက်နေစဉ်က ဖြစ်ပါသည်။ ကျွန်တော် မသုံးတော့သည့် Iphone 6 Plus အား ကျွန်တော့ အစ်မ အကြီးဆုံးအား ပေးလိုက်ပါသည်။ ကျွန်တော့ အစ်မ ဖြစ်သူကလည်း Iphone user တယောက်တော့မဟုတ်ပါ။ အများသူငှာ iPhone ကိုင်ကြသည်ဆိုတော့ သူလည်း iPhone ကိုင်ချင်သည်ဆို၍ ပေးလိုက်ခြင်း ဖြစ်ပါသည်။
ကျွန်တော့ အစ်မနှင့် Iphone က ရေစက်မပါရှာပါ။ ဖုန်းကိုင်ပြီး တပတ်မပြည့်ခင် ဖုန်း ပျောက်ပါလေတော့သည်။ ဈေးသွားရင်း ပိုက်ဆံအိတ်ထဲမှ ထွက်ကျသည်လား သို့မဟုတ် တနေရာရာတွင် ကျန်ခဲ့သည်လား တခုခုပင်။ ဖုန်းပျောက်သည်အား တော်တော်နှင့် မသိသေးပါ။
ထိုအချိန် တုန်းကတော့ ကျွန်တော့ အစ်မ ဖြစ်သူမှာ တက္ကသိုလ်တွင် မိတ္ထူ ဆိုင်ဖွင့်ရင်း Wave Money / KBZ pay / Near Me အစရှိသော ငွေသွင်း ငွေထုတ် ဝန်ဆောင်မှုများလည်း လုပ်သည့်မို့ သူ့ထံတွင် Oppo နှင့် Xiaomi ဖုန်း နှစ်လုံး လည်း ရှိနေသောကြောင့် Iphone ပျောက်နေမှန်း မသိခဲ့ပါ။
ဤ သို့ ဖုန်းပျောက်မှန်း သိသိချင် Iphone အား ဆက်ကြည့်ပါသည်။ တဖက်မှ လာကိုင်သည်က အမျိုးသမီး ကြီးတယောက်၏ အသံ။ ဖုန်းပြန်လိုချင်လျင် ပိုက်ဆံ ငါးသိန်း နှင့် ပြန်ရွေးယူပါဟူလို။ အစ်မကလည်း ၃ သိန်း အထိ ဈေးဆစ်ကြည့်ပါသေးသည်။
သို့သော် တဖက်မှ ပြောသည်က "ရေအဆုံး ကုန်းတဝက် " ဖြစ်၍ ၅ သိန်း နည်းနည်းမှ မလျှော့ ဟူ၍ ပြန်ပြောပါသည်။ Henry Aung ၏ အစ်မ ဖြစ်သည့် အလျောက် ကျွန်တော့ အစ်မ ကလည်း စကား အများကြီး မပြောပါ တခွန်းသာ ပြန်ပြောလိုက်ပါသည်။ " နိဗ္ဗာန်န ပစ္စယော ဟောတုပါ " ဟူ၍ ဖုန်းချလိုက်ပါတော့သည်။
ဤတွင် ကျွန်တော် ပြောလိုသည်မှာ " ရေအဆုံး ကုန်းတဝက် " ဆိုသည့် မြန်မာစကား ဖြစ်ပါသည်။ မည်သူထွင်ခဲ့ မှန်းတော့ မသိပါ။ ဥစ္စာရှင် မှန်လျင် ထိုသူ၏ ပစ္စည်းအား ပြန်ပေးရမည် ဖြစ်သလို ဥစ္စာရှင်က ကျေးဇူးတင်သည့် အနေဖြင့် မိမိပစ္စည်း ပြန်ရသည့် အလျောက် ကျေးဇူးဆပ်သည့် အနေဖြင့် ပစ္စည်း တဝက်ဖိုး ပြန်ပေးလျင် ဤသည်က ရေအဆုံး ကုန်းတဝက်ဟူသော စကားအား သုံးရာရောက်မည်ဖြစ်ပါသည်။
ပစ္စည်းကောက်ရသူ က ငါပြန်မပေးလျင် နင်ဘာတတ်နိုင်သေးလဲ ငါမို့ တဝက်ပဲ တောင်းတာ အခြားသူဆိုလျင် ရောင်းစားပလိုက်ပြီ ဟူသော အထာဖြင့် ငွေတောင်းလျင် ခိုးယူရာ ရောက်သွားပါသည်။ ပိုင်ရှင် အစစ်မှန် ပြန်တွေ့လျင်တောင် ပြန်မပေးလိုကြသည့် စိတ်ဓာတ် များအတွက် အံ့ဩမိခဲ့ပါသည်။
သို့သော်လည်း အားလုံးတော့ မဟုတ်ပါ။ တခါတရံ ကားပေါ်တွင် ကျန်ခဲ့သော သိန်း ရာချီ သောငွေကြေးအား ပိုင်ရှင် အမှန်ထံသို့ လက်ရောက်ပြန်ပေးကြသည်ကိုလည်း မြင်ခဲ့ရပါဘူးပါသည်။
ကျွန်တော်ကိုယ်တိုင် မဟေသီဖြင့် Taxi စီးရာတွင် မဟေသီ၏ လက်ကိုင်အိတ် Taxi ပေါ်တွင် ကျန်ခဲ့ပါသည်။ ခဏကြာပြီးနောက် Taxi သမားဦးလေးကြီက အိမ်တိုင်ရာရောက် ပြန်လာပို့ပေးပါသည်။ မဟေသီက ကျေးဇူးတင်၍ ကားခ ပြန်ပေးသည်ကိုပင် မယူပါ။ ဤသို့သော စာရိတ္တ ကောင်းသူများလည်း ရှိပါသည်။
တလောက ကျွန်တော်နှင့် ခင်မင် သော ကွမ်းယာ ဆိုင်တွင် ကွမ်းဝယ်စားရင်း အလာသ ပလာသ စကားပြောနေခဲ့ပါသည်။ လမ်းပေါ်တွင် စက်ဘီးစီးသွားသူ စုံတွဲ တတွဲထံမှ ဖုန်း ထွက်ကျကျန်ခဲ့ပါသည်။ တက်စီသမားက ကောက်၍ ကွမ်းယာဆိုင်တွင် အပ်ထားပေးပါသည်။ ထိုတက်စီကလည်း ပါစင်ဂျာပါလာသည်ဆိုတော့ ထို စက်ဘီးနောက်သို့ မလိုက်အားပါ။ ထိုစုံတွဲအား အော်ခေါ်ပါသေးသည် မိုးမမြင်လေမမြင်မို့ ခေါ်မကြား အော်မကြား။
ထင်သည့် အတိုင်းပါပဲ ၁၅ မိနစ်ခန့်အကြာ တွင် ထိုစုံတွဲ လမ်းဘေးမှ စက်ဘီးတွန်းရင်း ဖုန်းပျောက်ရှာလာသည်ကိုတွေ့ရပါတော့သည်။ ကွမ်းယာဆိုင်မှ အစ်ကိုကြီးကလည်း "ဖုန်းရှာနေတာ မဟုတ်လား ဒီမှာ ဒီမှာ " ဟူ၍ လှမ်းခေါ်ပြီးပေးပါသည်။
ကွမ်းယာ ဆိုင်မှ အစ်ကိုကြီးကလည်း ပို၍ သေချာစေရန် " ညီမ ဖုန်းမှန်ရင် Password လေးတော့ ဖွင့်ပြပါဟူ၍ ပြောလိုက်ပါသည်။ ကောင်မလေးကလည်း ဖုန်း Password ဖွင့်ပြပါသည်။ ကွမ်းယာဆိုင်မှ အစ်ကိုကြီးကလည်း သေချာပြီဆိုတော့ ယူသွားရန် ပြောလိုက်ပါသည်။
ယူသွားဆိုတော့လည်း ဖုန်းယူ၍ နှစ်ယောက်သား ချာကနဲ့ လှည့်သွားကြပါတော့သည်။ ကျေးဇူးတင်ပါတယ်ဟု တခွန်းမပြောပါ။ ဟန်ဆောင်ပန်ဆောင်၍ ကျေးဇူးတင်ပါသည်ဟု ပင်မဆို။ ထိုဖုန်းအား ကောက်ထားသူသည် ကျွန်တော်ကိုယ်တိုင် သာဖြစ်ပါမူ ထိုစုံတွဲအား ပြန်ခေါ်၍ ကျွန်တော်တခုခု ပြောမိမှာသေချာပါသည်။
မြန်မာလူမျိုး ဖြစ်ပြီး ဤမျှလောက် လောကဝတ် ချို့တဲ့ရပါသလောဟူ၍။ မသိလျင် ကွမ်းယာ ဆိုင်မှ အစ်ကိုကြီးက ပဲ သူရို့ဖုန်းအား ခိုးထားသလိုလို။ ကွမ်းယာ ဆိုင်မှ အစ်ကိုကြီးကတော့ ပြောရှာပါသည်။ တက်စီ သမားက ဖုန်းဆင်းမကောက်ပဲ ကားဘီးနဲ့ တက်ကြိတ်ခဲ့ရမှာဟူလို။ တခါတလေ အချို့သော သူများအတွက်တော့ ရေအဆုံး ကုန်းတဝက် ဟူသော စကားက အသင့်တော်ဆုံးသာဖြစ်ပါသည်။
16/03/2023- Thursday - 18;29 Pm