ရုရှား ယူကရိန်း စစ်ပွဲ -အပိုင်း (၃)( Henry Aung )

@kachinhenry · 2023-03-10 11:28 · HIVE-MYANMAR

မင်္ဂလာပါ။ ကျွန်တော်ရေးသားနေသော မပြီး ပြတ်သေးသည့် ရုရှား ယူကရိန်း ကျူးကျော်စစ် အကြောင်း ဆက်ပါအုံးမည်။ လက်ရှိ အချိန်ထိ ရုရှား ကျူးကျော် စစ်အပေါ် ပေါ်တင် ထောက်ခံ၍ ကူညီနေကြသည့် နိုင်ငံမှာ ဘေလာရုစ် နိုင်ငံ တနိုင်ငံတည်းသာရှိပါသည်။

ကျူးကျော်စစ် စသည်နှင့် ရုရှားစစ်တပ်သည် ဘေလာရုစ် နိုင်ငံ နယ်စပ်ချင်းထိနေသော ယူကရိန်း သို့ မြောက်ဘက်မှ ဝင်ရောက်လာခဲ့သလို အရှေ့ဘက် ဒွန်ဘပ်(စ် ) ဒေသ တောင်ဘက် မာရီယိုပိုလ် ဆိပ်ကမ်း အပြင် ဘောလ်တစ် ပင်လယ် မှ ရေတပ် များ ဖြင့် တပြိုင်တည်း စစ်ပြုခဲ့ကြခြင်း ဖြစ်ပါသည်။

တောင်ဘက်ရှိ ခရာဆမ် ဆိပ်ကမ်းမြို့လည်း ရုရှလက်အောက်သို့ ကျသွားခဲ့ရသလို အရှေ့ဘက် စစ်မျက်နှာတွင် လည်း လူဟန့် စ် / မာရီယိုပူလ် မြို့ အတော်များများ ကျသွားခဲ့ပါသည်။ မြောက်ဘက် စစ်မျက်နှာတွင် ကာခိမ်ဗ့် မြို့ကျသွားခဲ့ရသလို မြို့တော်ဖြစ်သည့် ကိဗ့် ( Kyiv ) မြို့ အနီးအထိ ရုရှားတပ်များ ရောက်ရှိခဲ့ပါသည်။

သို့သော် စစ်ပွဲ ဖြစ်ပွားပြီးနောက် တလကျော်ကြာလာသည့် အခါ ရုရှတပ်များ ပြသနာတက်ပါတော့သည်။ အခြားမဟုတ်ပါ ။ ထောက်ပို့ များ အချိန်မှီ ရောက်မလာခြင်း ဖြစ်ပါသည်။ ဤ မြောက်ပိုင်း စစ်မျက်နှာ သို့ ပေးပို့သော မိုင် ၄၀ ရှည်လျား သည့် ထောက်ပို့ ယဉ်တန်းမှာ (စစ်ကားတန်းများ တန်းစီး၍ ရပ်ထားသည်မှာ မိုင်၄၀ အရှည်ရှိပါသည်/ စစ်လက်နက် ထောက်ပို့ မော်တော်ယဉ် မည်မျှ များသည်ကို ခန့်မှန်း ကြည့်နိုင်ပါသည်) လမ်းခရီးတွင် လောင်စာဆီ မလုံလောက်သော ကြောင့် ခရီးဖင့်နေခဲ့ရသလို ရှေ့တန်းသို့ လိုအပ်သော စားနပ်ရိက္ခာ / ခဲယမ်း / လောင်စာဆီ များ အချိန်မှီရောက်မလာနိုင်၍ ရုရှားတပ်များ၏ ထိုးစစ် တန့်သွားရပါတော့သည်။

စစ်ပွဲစတင်ပြီး ၂ လခန့်ကြာသောအခါ မြောက်ဘက်ရှိ မြို့တော် Kyiv မြို့အားသိမ်းရန် ချီတက်လာသော စစ်တပ်များမှာ ယူကရိန်း၏ တန်ပြန်ထိုးစစ်အား မရှုမလှ ခံရပါတော့သည်။ ဤတွင် ရုရှားတို့ စတင် အရေးနိမ့်လာပါတော့သည်။

ထို့နောက် မြောက်ဘက်စစ်မျက်နှာ တွင် မြို့တော်အား သိမ်းမည့် ရုရှား စစ်တပ်များ ဆုတ်ခွာသွားရသောအခါ ယူကရိန်းက ခါကိဗ် မြို့သို့ တန်ပြန်ထိုးစစ်ဆင်ခဲ့ပါသည်။ ထိုအချိန်ထိ ရုရှားလေတပ်မှာ ယူကရိန်း အားထိထိရောက်ရောက် ခြိမ်းခြောက်ထားနိုင်ခြင်း မရှိခဲ့ပါ။

ရုရှား၏ တင့်ကားတပ်များကလည်း အမေရိကန်၏ တင့်ကားဖျက် Javelin ပခုံး ထမ်း ဒုံးကျည် ကြောင့် တပ်ပျက်နေခဲ့ရသလို ထောက်ပို့ တပ်များ၏ ခဲယမ်း နောက်ကျမှုကြောင့် ရုရှား တင့်ကား တပ်မှာ ခဲယမ်း ပြတ်လပ်သွားသည့် အပြင် အချို့တင့်ကားများက ဆီကုန်သွား၍ ဒီအတိုင်း ရပ်ထားကြရပါသည်။

တင့်ကားများသာ မဟုတ် အခြားသော စစ်သုံးယဉ်များကလည်း လောင်စာဆီ မလုံလောက်မှု့ကြောင့် ရှေ့ဆက်မတိုးနိုင် ဖြစ်ခဲ့ရပါသည်။ ဤ တွင် ရုရှား စစ်သားများက တင့်ကားများ / စစ်သုံးယဉ်များ အား ဒီအတိုင်းထားခဲ့ကာ လက်လွတ် ထွက်ပြေးကြပါတော့သည်။

ထို့နောက်တော့ ယူကရိန်း လယ်သမား များက ထွန်စက်ကြီးများ ဖြင့် ရုရှားတို့ ထားပြစ်ခဲ့သော တင့်ကားများအား ဆွဲယူကြပါတော့သည်။ အချို့ဒေသတွင် ရုရှား အမြောက်ကြီးများ ဒီအတိုင်း ထားပြစ်ခဲ့ကြပါသည်။ ယူကရိန်း စစ်တပ်က ထိုတင့်ကားများ အမြောက်ကြီး များအား ပြည်လည် အသုံးပြုကာ ရုရှားတို့အား တန်ပြန်ထိုးစစ်ဆင်နွဲခဲ့ကြခြင်း ဖြစ်ပါသည်။

စစ်ပွဲစပြီး ၃ လအကြာတွင်တော့ ရုရှားတပ်များသည် မြောက်ပိုင်း စစ်မျက်နှာပြင်မှ လုံးဝဆုတ်ခွာသွားရကာ အရှေ့ဘက်နှင့် တောင်ဘက် စစ်မျက်နှာ တွင်သာ အားစိုက်ခဲ့ရပါတော့သည်။ ပူတင်နှင့် သူ၏ စစ်တပ်အကြီးအကဲများက အရှေ့ဘက် စစ်မျက်နှာ တွင်အားစိုက်ကာ ယူကရိန်း၏ မြို့များ တမြို့ပြီး တမြို့ သိမ်းယူရန် ပြင်ဆင်ခဲ့ပါသည်။ သို့သော် ဤ အကြံအစည်မှာလည်း မအောင်မြင်ခဲ့ပါ။

ရုရှားတို့ နောက်ထပ်မြို့များ မသိမ်းနိုင်သည့် အပြင် သိမ်းယူပြီးသား ဖြစ်သည့် ခါကိဗ့်မြို့နှင့် လူဟန့်စ် ဒေသများပါ ယူကရိန်း တို့ ပြန်လည် သိမ်းယူနိုင်ခဲ့ကြပါသည်။ ဤ တွင် စစ်ပွဲ အကြောင်း ခေတ္တရပ်၍ အဘယ့်ကြောင့် ပူတင်၏ စစ်တပ် အနိုင်မရသည်ကို အနည်းငယ် တင်ပြလိုပါသည်။

စစ်ပွဲစသည်နှင့် အမေရိကန် နှင့် နေတိုး နိုင်ငံများက ပြည်ပတွင်ရှိနေသော ရုရှပိုင် ငွေကြေးများအားလုံး အား ထိန်းချုပ်လိုက်ပါသည်။ စကားကြုံ၍ ရေးပြလိုသည်မှာ ရုရှားဘီလီယံနာ တယောက်ဖြစ် သည့် ချဲလ်ဆီး ဘောလုံး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ရှ် က ရုရှား ယူကရိန်း စစ်ပွဲမစမှီ ချဲလ်ဆီး အသင်းအား အပြီးအပိုင်ရောင်းချကာ အင်္ဂလန်တွင် နပ်နေပါသည်။ အေဗရာမိုဗစ်ရှ် ကဲ့သို့ အကင်းမပါသည့် အခြားသော ရုရှားသန်းကြွယ်သူဌေး များကတော့ သူတို့၏ ပြည်ပတွင်ရှိသော ကြွယ်ဝမှုများအား ထိန်းချုပ်ခံလိုက်ရပါသည်။

ပထမ ရုရှနိုင်ငံ၏ ပြင်ပတွင်ရှိသော ငွေကြေးများ ထိန်းချုပ်ခံရသည်။ ဒုတိယ ကမ္ဘာ့ ငွေကြေး အလွဲအပြောင်း လုပ်သည့် Swift System မှ ရုရှား နိုင်ငံအား ဖယ်ထုတ်ထားလိုက်သည်။ တတိယအနေဖြင့် ဥရောပ ရေပိုင်နက်သို့ ရုရှား သင်္ဘောများ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်သလို ဥရောပ လေပိုင်နက်တွင်လည်း ရုရှားလေယာဉ်များ ပျံသန်းခွင့် ပိတ်ပင် ခံခဲ့ရပါသည်။ စတုတ္ထ အနေဖြင့် ရုရှားသို့ နောက်ဆုံးပေါ်နည်းပညာ များ တင်သွင်းခွင့် ပိတ်ခံရပါသည်။

ဤ သို့ ကမ္ဘာ့ နိုင်ငံများက ရုရှားအား အဘက်ဘက်မှ ပိတ်ပင်ထားသောကြောင့် ရုရှားမှာ စစ်ရေးတွင် နလန် မထူနိုင်ဖြစ်လာခဲ့ရပါသည်။ ဘေလာရုစ် အနေဖြင့် ရုရှားအား ထောက်ခံသော်လည်း စစ်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ မပါဝံ့ပါ။ ရုရှားအား ချမှတ်ထားသော ပိတ်ပင်မှုအား ဘေလာရုစ်အား ချမှတ်လိုက်လျင် အချောင် နားကားမည် ဖြစ်ပါသည်။

စစ်ပွဲမစခင်က ပူတင်သည် တရုတ်သာကော နှင့် ချိတ်ဆက်ထားသော်လည်း တကယ်တမ်း စစ်ဖြစ်လာသော အခါ သာကောက နှာစေးနေပါတော့သည်။ ဤ တွင် ပူတင်အနေဖြင့် မည်သည့် နိုင်ငံမှ ထောက်ခံမှုမရ / ပံ့ပိုးမှု မရပဲ မိမိစခဲ့သော စစ်အား တကိုယ်တည်း တိုက်ရပါတော့သည်။

ယူကရိန်း အနေဖြင့် နေ့စဉ် နေတိုးနှင့် အမေရိကန်တို့မှ နောက်ဆုံးပေါ် စစ်လက်နက်ပစ္စည်း တန်ချိန်ရာချီ၍ လက်ခံရရှိနေချိန်တွင် ရုရှားကတော့ ဆုံးရှုံးသွားသော စက်လက်နက် ပစ္စည်း များအတွက် အနိုင်နိုင် ဖြည့်တင်းနေရပါသည်။

ဤ တွင် ပူတင်က သာကောအား လက်နက်ပစ္စည်း ထောက်ပံ့ရန် တောင်းဆိုခဲ့သော်လည်း အမေရိကန်က တရုတ်အနေဖြင့် ရုရှားအား စစ်လက်နက်ပစ္စည်း ထောက်ပံ့လျင် ပြန်ပြင်၍ မရနိုင်သော ဆိုးဝါးသည့် အကျိုးဆက်များ ခံစားရနိုင်ကြောင်း တန်ပြန်သတိပေးလိုက်ပါသည်။ သာကောကလည်း ရုရှားထံမှ ရေနံများအား ပေါချောင်ကောင်း ဈေးဖြင့် ဝယ်ယူပေးခြင်းဖြင့်သာ ကူညီနိုင်ပါတော့သည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

10/03/2023 - Friday - 17;59 Pm

#hive-122133 #myanmar #russia #ukarine #war #knowledge #sharing
Payout: 0.000 HBD
Votes: 38
More interactions (upvote, reblog, reply) coming soon.