ရုရှား ယူကရိန်း စစ်ပွဲ -အပိုင်း (၄)( Henry Aung )

@kachinhenry · 2023-03-11 12:01 · HIVE-MYANMAR

မင်္ဂလာပါ။ မပြီးပြတ်သေးသော ရုရှားယူကရိန်း စစ်အကြောင်း ဆက်လက် ဖေါ်ပြပေးပါမည်။ နိုင်ငံတနိုင်ငံ နှင့် အခြား တနိုင်ငံ စစ်ဖြစ်ပြီ ဆိုသည်နှင့် တနိုင်ငံလုံး စစ်အကြောင်းမှလွဲ၍ မည်သည့် အကြောင်းမှ ပို၍ အရေးမကြီးပါ။ စစ်နှင့် ပတ်သက်နေသော အစိုးရများ ရုံးများမှာလည်း ၂၄ နာရီ အချိန်ပြည့် အလုပ်လုပ်ကြရပါတော့သည်။

အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မနက်ဖြန်မှ တဘက်ခါမှ ဆုံးဖြတ်ချက်ချမည်ဟူ၍ အချိန်ရွေးနေ၍မရပါ။ မိမိတို့ စစ်အောင်နိုင်ရေးသည်သာ အဓိကမို့ ထိုအချိန်တွင် အရာရှိ စစ်သည်များ ပို၍ အလုပ်လုပ်ကြရပါသည်။

အောက်ခြေမှ စစ်သားများ၏ လိုအပ်ချက် / မြေပြင်တွင် လက်ရှိ အနေအထား / အထက်မှ ပေးလိုက်သော အမိန့်များ ဤ ၃ မျိုးမှ အရာရှိများက အဆင်ပြေသလို ညှိနှိုင်း ဆောင်ရွက်ပေးကြရပါသည်။ စစ်တိုက်သည်ဟူသည်မှာ တယောက်နှင့် တယောက် ပန်းနှင့် ပေါက်ကြသည်မဟုတ် သေစေတတ်သော လက်နက်များ ဖြင့် ပစ်ခတ်ကြရသည် ဖြစ်၍ မိမိတို့ဘက်မှ လက်နက် ပစ္စည်း များ ခဲယမ်း များ မပြတ်လပ်သွားရန်လည်း အရေးကြီးလှပါသည်။

ခဲယမ်းများသာ အရေးကြီးသည် မဟုတ် စစ်သားများ နေ့စဉ် ရေသောက်၍ စစ်မတိုက်နိုင်ပါ။ အစားအသောက် / ဆေးဝါး များကလည်း လိုအပ်ပါသေးသည်။ ထို့ကြောင့် စစ်ဖြစ်ပြီဆိုလျင် ဌာန ဆိုင်ရာအားလုံးနီးပါး စစ်နှင့် ပါဝင်ပတ်သက်ရပါတော့သည်။

ယခု ဤ ယူကရိန်း နှင့် ရုရှား စစ်ပွဲတွင် လက်နက် ခဲယမ်း များမှာ အရေးကြီးသော အစိတ်အပိုင်း တခုအဖြစ်ပါဝင်နေပါသည်။ ယူကရိန်း အနေဖြင့် မိမိကိုယ်ပိုင် စစ်လက်နက်များထက် အနောက်နိုင်ငံမှ စစ်လက်နက်များအား အဓိကထား သုံးစွဲနေသည်ဖြစ်ရာ ခဲယမ်း များကလည်း အနောက်နိုင်ငံများမှသာ ထောက်ပံ့ ပေးနေကြပါသည်။

ယူကရိန်း ၏ ရှည်လျားသော နိုင်ငံနယ်နိမိတ် တွင် စစ်တိုက်ကြရသည် ဖြစ်၍ တာဝေးပစ် ဟောင်ဝင်ဇာ အမြောက်များမှာ အရေးပါလှပါသည်။ အဘယ့်ကြောင့် ဆိုသော် ပထမဆုံး Drone များဖြင့် ရန်သူအနေအထား အားထောက်လှမ်း မည် ထို့နောက် နေရာအတိအကျသိရသည်နှင့် အမြောက် ကြီးများက ထိုနေရာတဝိုက်အား စုပြုံ ပစ်ခတ်ကြပါတော့သည်။

ဤ မြေပြင် အနေအထား GPS ၏ တိကျမှန်ကန်သော တွက်ချက်မှု နည်းပညာ အား အမေရိကန်မှ ယူကရိန်းအား ထောက်ပံ့ပေးထားပါသည်။ ထို့ကြောင့်သာ ရုရှားတို့ နာလန်မထူနိုင်ခြင်း ဖြစ်ပါသည်။ ယူကရိန်း၏ အမြောက်တပ်များကြောင့် ရုရှားတို့၏ လက်နက်ခဲယမ်း ဂိုဒေါင်အများအပြား ပြာကျသွားခဲ့ရသလို ရှေ့တန်း စခန်းများတွင်လည်း ခေါင်းမဖေါ်ဝံ့ကြပါ။

တင့်ကားများ / စစ်သားများ သယ်ဆောင်သည့် တင့်ကားများ အကူအညီဖြင့် ရှေ့ဆက်တက်ကြသော်လည်း အမေရိကန်လုပ် Javelin တင့်ကားဖျက် ဒုံးကျည် ရန် ကြောင့် ဆက်မတိုးဝံ့ကြ။ အဘယ့်ကြောင့် ဆိုသော် Javelin ဒုံးကျည် ပစ်ရန် တယောက်သာ လိုပါသည်။ တမိုင် အကွာအဝေးမှ တင့်ကားအား မလွဲအောင် ပစ်နိုင်ပါသည်။

တင့်ကား တစီးပျက်စီးသွားလျင် အထဲတွင် ပါဝင်သော လူ ၅ ယောက် သေသည့်အပြင် တင့်ကားလည်း ပျက်စီးသွားပါသည်။ ဆိုတော့ ယူကရိန်း စစ်သား တယောက်၏ စွမ်းဆောင် ရည်မှာ Juvelin ပခုံးထမ်း ဒုံးကျည် ပေးထားလျင် တင့်ကားတစီးနှင့် စစ်သား ၅ ယောက် အား ဖျက်ဆီးနိုင်စွမ်း ရှိပါသည်။

ရုရှား၏ T90 စီးရီးဖြစ်သည့် နောက်ဆုံးပေါ် တိုက်ပွဲဝင် တင့်ကား ဖြစ်သည့် T90 SM တစ်စီးလျင် USD ၄.၅ သန်း တန်ကြေးရှိပါသည်။ ဌင်းတင့်ကားအား ဖျက်စီး ရန် အသုံးပြုသည့် အမေရိကန်၏ Javelin ဒုံးကျည် တခုလျင် USD ၂ သိန်း ဝန်းကျင်ခန့်သာ ရှိပါသည်။

လက်ရှိစစ်မြေပြင် တွင် ယူကရိန်း တို့ ပစ်ခတ်နေသော အမြောက်ဆန် များ ကျည်ဆံများ မတူညီသော စစ်လက်နက် ပစ္စည်း များအားလုံး ၏ ကုန်ကျစရိတ်အား မည်သူ ပေးနေပါသနည်း။ တနေ့တနေ့လျင် အမြောက်ဆန်ပေါင်း ထောင်နှင့် ချီ၍ ပစ်ခတ်နေကြပါသည်။ တရက်တည်း မဟုတ်ပါ။ နေ့စဉ် နီးပါး ဖြစ်၍ တနှစ်ကျော်လာပြီ ဖြစ်ပါသည်။

ဟုတ်ပါသည်။ လက်ရှိအနေဖြင့် အမေရိကန်က ယူကရိန်းအား စစ်လက်နက် ပစ္စည်းများ အဓိကထောက်ပံ့ပေးနေသလို အမေရိကန်ရှိ ခဲယမ်း ထုတ်လုပ်သော ကုမ္ပဏီ များမှာ လက်မလည် နိုင်အောင် အမြောက်ဆန် များ ထုတ်လုပ်နေကြရကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဤသို့ဆိုလျင် ထိုအမြောက်ဆန် များ ပစ္စည်း များအတွက် အမေရိကန်က ကျခံပါမည်လော ဝေးပါသေးသည်။

အမေရိကန်သည် မိမိ အတွက် အမြတ်မထွက်လျင် ဘာမှ မလုပ်ပါ။ ထိုကုန်ကျ စရိတ်များအား ယူကရိန်း မှ ပေးချေရမည် ဖြစ်ပါသည်။ ယူကရိန်း မပေးချေနိုင်လျင်လည်း ကိစ္စမရှိပါ။ ပူတင်၏ ရုရှား နိုင်ငံက ပေးချေပါလိမ့်မည်။ အကယ်၍ ရုရှားက ယခု အချိန်တွင် စစ်ပွဲ ရပ်လိုက်ကာ စစ်လျော်ကြေးလည်း မပေးဟု ငြင်းဆန်လျင် ဘာဖြစ်သွားမည်နည်း ။

ဘားမဖြစ်ပါ။ အမေရိကန်နှင့် နေတိုးနိုင်ငံများတွင် ရုရှား၏ ငွေကြေးများ ထိန်းချုပ်ထားသည်မှာ ဘီလီယံ ၄၀၀ ကျော်ခန့်ရှိပါသည်။ ထို့ ကြောင့် ပူတင် အနေဖြင့် သူစခဲ့သော ကျူးကျော် စစ်အား နိုင်အောင် တိုက်ရမည် ဖြစ်သလို စစ်မနိုင်ခဲ့ လျင် ကမ္ဘာ့ အဆင့် ၂ ဟူသော ဩဇာ မရှိနိုင်တော့သလို ပူတင်လည်း အာဏာရှင်တို့ သွားရာလမ်း လိုက်ရတော့မည် ဖြစ်ပါသည်။

အကယ်၍ အာဏာရှိနေသည့်တိုင် ယခင်ကဲ့သို့ ပါဝါပြနိုင်တော့မည် မဟုတ်ပါ။ ရုရှား ယူကရိန်း နယ်စပ်တလျှောက် အမေရိကန်၏ စစ်လက်နက်များ ရောက်ရှိနေပြီ ဖြစ်သလို ရုရှား၏ မြို့တော် မော်စကိုမှာ အမြောက် တပစ်စာ နေရာတွင် ရှိနေပြီ ဖြစ်ပါသည်။ နောက်ဆောင်းပါးတွင် ပူတင်၏ အားနည်းချက် အားသာချက်များအား ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

11/03/2023 - Saturday - 18;32 Pm

#myanmar #russia #ukarine #war #update #hive-122133
Payout: 0.000 HBD
Votes: 36
More interactions (upvote, reblog, reply) coming soon.