အားလုံးမင်္ဂလာပါ။
နောက်ပိုင်းမှာ ကျွန်တော် သတိနဲ့ နေတာရယ်၊ ဒေါသ လောဘ စတဲ့ စိတ်နဲ့ တုန့်ပြန်မှု လုပ်တာ နည်းလာတာကြောင့် စိတ်အေး ချမ်းမှုလေးရလာပါတယ်။ ဒါပေမယ့်လည်း လုံးဝကုန်ဆုံးသွားတောတော့ မရှိသေးဘူးထင်ပါတယ်။ ဒီလောဘ၊ ဒေါသ စတာတွေကလည်း အာရုံနဲ့ စိတ်နဲ့ တွေ့တဲ့ အချိန်မှာမှ ပေါ်လာ တတ်တာမို့ သာမန် ထိုင်နေချိန်၊ လှုပ်ရှားသွားလာနေချိန်မှာ ဆိုရင် သိသာ ပေါ်လွင်မှာ မဟုတ်ပါဘူး။ စိတ်နဲ့ အာရုံနဲ့ ထိတွေ့ကြည့်တဲ့ အခါ ကိုယ့် စိတ်မှာ ဒေါသ လောဘ စတာတွေပေါ််သေးလား စသည်ဖြင့် စောင့်ကြည့်ပြီး မှ သိနိုင်တာမျိုးပါ။
တရားထိုင်တဲ့ အချိန်မှာ စိတ်အေးချမ်းနေတယ် လောဘ ဒေါသ ငြိမ်းနေတယ် ထင်ရပေမယ့် တကယ်တမ်း အပြင်လောကနဲ့ ထိတွေ့တဲ့ အချိန်မှာ လောဘဒေါသက အချိန်မရွေး ဖြစ်ပေါ်နိုင်ပါတယ်။ အချို့သူတွေ တရားစခန်း ဘယ်နှစ်ကြိမ်ဝင်ဝင် အပြင် ပြန်ရောက်တဲ့ အချိန် ဒုံရင်း ဒုံရင်း ဖြစ်နေတယ်ဆိုတာက ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်ကို မပြောင်းလို့ပဲ ဖြစ်ပါတယ်။ ဒေါသ လောဘ စတာတွေနဲ့ တုန့်ပြန်နေတတ်တဲ့ စရိုက်ပါ။
ကိုယ့်ရဲ့ တုန့်ပြန်မှု ပုံစံပေါ်မှာ မူတည်ပြီးပဲ ကိုယ်ဘယ်သူလဲဆိုတာ ဖြစ်လာတာပါ။ ဒေါသနဲ့ တုန့်ပြန်တတ်သူကို ဒေါသကြီးသူ လို့ ပြောကြပါတယ်။ ညနေတိုင်း အရက် သောက်ချင်စိတ်လေးကို တုန့်ပြန်ပြီး အရက် သောက်သောက် နေတဲ့ သူကို အရက်သမားလို့ပဲ ခေါ်လာကြပါတယ်။ ဒါဟာ ကိုယ့်ရဲ့ တုန့်ပြန်တတ်မှု အရေးပါပုံပါ။
တရားစခန်းမှာတော့ ဒီလို ဒေါသ လောဘ စတဲ့ မကောင်းတဲ့ တုန့်ပြန်မှု မျိုး မပြုအောင် လေ့ကျင့်ပေးပါတယ်။ ဒီလိုတုန့်ပြန်မှု မရှိလာတော့ စိတ်ကအေးချမ်းလာပါတယ်။ ဒါပေမယ့် လူ့လောကမှာ နေတာဆိုတော့ လိုအပ်တာတွေက ရှိနေပါတယ်။ ဒါ့အတွက် အလုပ်လုပ်ရပါမယ်။ ဒါဆို ဘယ်ကစမလဲ ဆိုတော့ ကိုယ့်အတွေးကနေစရမယ်ထင်ပါတယ်။ ကိုယ့်အတွေးက ပုံဖော်ပေးနိုင်စွမ်း (manifest လုပ်ပေးနိုင်စွမ်း) ရှိတယ်ဆိုတာ ယုံကြည်လို့ပါ။
အရင် ကျောင်းပြီးတုန်းက နိုင်ငံခြား တက္ကသိုလ်တစ်ခုမှာ မဟာဘွဲ့ ယူရရင် ကောင်းမယ် ဆိုတဲ့ အတွေး ဖြစ်ခဲ့ဖူးပါတယ်။ စင်ကာပူ တက္ကသိုလ်မှာ တက်ရောက်သင်ကြားနိုင်ဖို့ ကြိုစားခဲ့ဖူးတယ်။ နောက်ဆုံးမှာတော့ ထိုင်းက AIT မှာ မဟာဘွဲ့ ယူဖို့ အခွင့်အရေးရခဲ့ပါတယ်။ အတွေးတစ်ခု အရေးပါပုံပါ။ နိုင်ငံခြားမှာ ဒီလို မဟာဘွဲ့သွားယူမယ်ဆိုတဲ့ အတွေး မဖြစ်ခဲ့ဖူးရင် ဒီလို တက်ဖြစ်ချင်မှတက်ဖြစ်ပါလိမ့်မယ်။ ရည်မှန်းချက် အတွေး တစ်ခု အရေးပါပုံပါ။
ဒါကြောင့် ကျွန်တော်တို့ တွေးတဲ့ အတွေးက အရေးကြီးတယ်လို့ ပြောကြတာပါ။ ကျွန်တော် ငယ်တုန်းကတော့ အာရုံသိပ်မများလို့ထင်ပါတယ်။ ကိုယ်တွေးတာတွေက ဖြစ်လာတတ်ပါတယ်။ နောက်ပိုင်းကြီးလာတော့ ကိလေသာ ဖုံးလာကြောင့် တစ်ကြောင်း အာရုံတွေများလာတာကတစ်ကြာင်း အတွေးတွေက မကြည်လင်၊ အတွေးတွေ များလာသလို ကိုယ်ကိုယ်တိုင်ကလဲ ဟိုလိုလို ဒီလိုလို ဖြစ်လာတယ် ထင်ပါတယ်။
ဒါကြောင့် ကျွန်တော် နောက်ပြန်သွားရရင် အရင်ဆုံး ကိလေသာတွေကို လျှော့ဖို့လုပ်လာရပါတယ်။ ကိလေသာတွေ စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေ လျှော့လာပြီဆိုမှ ကိုယ်ဖြစ်ချင်တဲ့ အရာတွေအတွက် တမင်တကာ ဖန်တီးခြင်း (deliberate manifestation)ကို လုပ်မှာဖြစ်ပါတယ်။ အရင် အာရုံတွေမများတဲ့ ဖြူစင်တဲ့ မနော ကိုပြန်သွားပြီးတော့မှ ကိုယ်ဖြစ်ချင်တဲ့ အရာတွေအတွက် ဖန်ဆင်းပုံဖော် လုပ်ဆောင်ခြင်းလုပ်ရင် ထိရောက်မှုရှိမယ်လို့ ယုံကြည်ပါတယ်။
နောက် ပိုစ့်တွေမှာ ဒီဖန်းတီး ခြင်း (manifestation) အကြောင်း ကျွန်တော် ဖတ်ရှု လေ့လာမိသလောက်လေးတွေကို မျှဝေသွားမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
image source: https://seekerofchrist.com/is-manifesting-a-sin/
@princekham
18h Aug 2025
Myanmar